Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, January 05, 2010

မြန်မာစာလုံး အလှဆုံး၊ ကြိုးစားရေးမယ် တစ်ပြုံးပြုံး

"သေချာရေးပါဟာ လက်ရေးကလဲ လှချင်ရက်သားနဲ့ ဘယ်လိုလုပ်ရေးမှန်းမသိဘူး၊ ခဏ ခဏဖတ်ဖူးနေတာတောင် ဘယ်လိုမှစာလုံးဖော်မရဘူး၊ စိတ်ညစ်ပါတယ်" ပြောပြောဆိုဆို အမ က ပွစိပွစိ ဆူပြောပြောရင်း စာရွက်ထပ်ကြီးစားပွဲပေါ်လာချပေးတယ်၊ စာရွက်တွေကို ကြည့်လိုက်တော့ မှင်နီတွေက တော်တော်များများ၊ ဒါကြောင့် စာရိုက်ပြီးပေးပါဆိုတော့လဲ မရိုက်ဘူး၊ တဲ့ ပြောပြန်ပီ၊ နားညီးလိုက်တာ အလွန်ပဲ၊ ကျွန်မကလဲ အမှတ်မရှိပါဘူး၊ သူ ဘယ်လိုပြောပြော ရေးချင်သလိုရေးပီးပေးလိုက်တာပဲ၊ ကျွန်မမှာ တနေကုန် ကွန်ပျူတာကြီး မျက်စိနှစ်လုံး အလယ်စိုက်နေအောင် ကြည့်ရ အိမ်ရောက်တော့လဲ တစ်ခါ ကြည့်ရနဲ့ဆိုတော့ မကြည့်ချင်တော့ဘူး၊ လက်ရေးနဲ့ရေးပြန်တော့လဲ ကျွန်မက စာရေးသိပ်ပျင်းတာ၊ မြန်မြန်ပြီးချင် မြန်မြန်ကြီးရေး၊ ဒီလိုနဲ့ ကျွန်မလက်ရေးတွေက ဖတ်ရ မလွယ်တာ တကယ့်ကိုပဲ၊ ကျွန်မ ဘာသာပြန်စာတွေ ရေးဖြစ်ပါတယ်၊ ဘောလုံးသမားတစ်ယောက်အကြောင်းလစဉ်၊ ဒါကိုတော့ ကြိုက်တယ်၊ ကျွန်မက ဘောလုံးပွဲ ကြည့်ရတာဝါသနာပါတာကိုး၊ ဘာသာပြန်တွေလောက်ပဲ ရေးဖြစ်ပြီး ကိုယ့်ဘာသာ ကိုယ်ပိုင်စာရယ်လို့ မရေးတတ်ဘူး၊ တစ်ခါ ကျွန်မတစ်ယောက်တည်း ရန်ကုန်အိမ်မှာ ၅ ရက်လောက်နေဖြစ်ခဲ့ရတော့မှ ကြောက်ရလန့်ရပုံကို စာရေးချင်စိတ် သူ့ဘာသာပေါ်လာပြီး ရေးဖြစ်တာ အဲဒါပထမ ဆုံးပဲ၊
နောက်တစ်ခါ လူသတ်မှုတစ်ခု ကြောင့်အားလုံးလှုပ်လှုပ်ရွရွတွေဖြစ်၊ အင်တာနက်မှာလဲ ဆိုးဆိုးဝါးသေဆုံးနေတဲ့ ပုံတွေတက်လာ၊ အားလုံးက၀ိုင်းကြည့်၊ ပြီးတော့ အဲဒီ နာရေးတွေရဲ့ပုံတွေ အများကြီးကြည့်ရပြန်တော့ အော်ဂလီဆန်လာလိုက်တာ၊ ဒါနဲ့ပဲ "ငါသေခဲ့ရင်" ဆိုပြီးတွေးမိတာကနေ စာရေးကြည့်ချင်စိတ်က တားမနိုင်ဆီးမရ ပေါ်လာပြန်ရော၊ "ကျွန်တော်သေတဲ့အခါ" ဆိုပြီး မိုင်စုဘူး ဘလောဂ့်မှာ ရေးပြီးတင်ကြည့်ဖူးပါတယ်၊ သူငယ်ချင်းတွေက ပြောကြတယ်၊ တော်တော်ပေါတာပဲတဲ့၊ တစ်ယောက်က တော့ အခုပဲ သေခိုင်းချင်စိတ်ပေါက်မိတယ်တဲ့ ကဲ ကောင်းရော၊ စာရေးဖို့ ကိုယ်တိုင်စိတ်ပါလာပေမဲ့ စာရေးပျင်းတုန်း၊ အိမ်က စားပွဲပေါ် မြန်မာဂျာနယ်တွေတစ်ထပ်ကြီးနဲ့ Reader's Digest တအုပ်တွေ့ခဲ့ရင် Reader's Digest စာအုပ်ကိုပဲ ကျွန်မက အရင်ကောက်ကိုင်ဖတ်ကြည့်တတ်တဲ့သူမျိုး၊ အင်္ဂလိပ်စာကိုဖတ်ဖို့ ပိုပြီးအားသန်နေတတ်တဲ့ ကျွန်မကတော့ မြန်မာစာ၊ မြန်မာစာလုံးလေးတွေကို ဘယ်တော့မှ လှလှ ပပ ရေးဖို့ အားမထုတ်ခဲ့ဘူး၊ လတိုင်းလတိုင်း လဆန်းပိုင်းတွေမှာ အမ က ဖတ်မရတဲ့ ကျွန်မစာမူ စာရွက်ကြီးကိုင်ပြီး ဆူတုန်း၊ ကျွန်မကလဲ ပြီးစလွယ်မြန်မြန်ကြီးရေးပေးတုန်း၊ ဒီလိုနဲ့ပဲ ကျွန်မရဲ့မြန်မာစာလက်ရေး စုတ်ချာချာလေးတွေက အရင်အတိုင်းပဲ၊ ပို ပြီးလှမလာခဲ့ဘူး၊

နောက်တော့ ကျွန်မ အမျိုးသားရှိရာ လိုက်ပြီးနေခဲ့ရတော့ မြန်မာဂျာနယ်ဆိုတာ ဖတ်ရဖို့မလွယ်၊ အင်တာနက်မှာ ဖတ်လို့ရတယ်၊ မြန်မာစာလုံးလေးတွေ ရိုက်လို့ရနေတယ် ဆိုပေမယ့် ဂျာနယ်တစ်စောင်ကိုင်ဖတ်ရတာ၊ ကိုယ့်ဘာသာ စာအုပ်ပေါ်မှာ ချရေးရတာ တူကိုမတူပါဘူး၊ ကျွန်မ ဘဲလ်ဂရိတ်ကိုရောက်တော့ မြန်မာရယ်လို့တောင် မရှိကြဘူး မြန်မာသံရုံးရှိပေမဲ့ အဲဒီက အမ တွေနဲ့ မတွေ့ဖြစ်ကြဘူး သူ့တိုတွေလဲ အလုပ်ရှုပ်နေ၊ ကျွန်မကလဲ မအားတာနဲ့ပဲ၊ မအားသာမအားတယ်၊ ဘာရှုပ်နေမှန်းမသိဘူး၊ အလုပ်က ခုထိရှာမရသေးပါဘူး၊ ကျွန်မတတ်တဲ့ ၀က်ဘ်ဒီဇိုင်းအလုပ်မျိုးရှာနေတာ ခုထိ မရသေးဘူး၊ သူတို့ဘာသာစကားကလဲ အခုမှ သင်နေတုန်း မပြောတတ်သေးဘူးဆိုတော့လဲ၊ တနေ့တနေ့ ဒေါ်ဘရော ယူသရော့( မင်္ဂလာနံနက်ခင်းပါ)၊ ဒေါ်ဘာဒန်(ကောင်းသောနေ့ပါ)၊ လာကူနောခ့်ျ(ကောင်းသောညပါ) အဲဒီ နှုတ်ဆက်စကားတွေကနေကို မတက်ဘူး၊ သူများစကားတစ်ခုကို သင်ရတိုင်း ရေးရတိုင်း မျက်လုံးထဲ မြန်မာစာလုံးလေးတွေ ပြေးပြေးဝင်လာတယ်၊ မြန်မာစကားလုံးတွေ ယောင်ယမ်းပြောမိတာလဲ အခါခါ၊

ဒီလိုနဲ့ ကျွန်မ လုပ်နိုင်တာဆိုလို့ စာပဲရေးနိုင်တယ်၊ အမကလဲ စာရေးပါ၊ စာရေးပါနဲ့ ဂျီတောခ့်မှာ တွေ့တိုင်းတိုက်တွန်းတတ်လေတော့၊ တခါတခါ ကျွန်မစိတ်ကူးရရင် ရေးချင်တာလေးတွေ စာအုပ်လေးနဲ့ ခေါင်းစဉ်တွေချရေးထားတတ်တယ်၊ အရင်ကလဲ ရန်ကုန်မှာရှိနေကတည်းက ရေးရန်ဆိုပြီး ခေါင်းစဉ်တွေ နံပါတ်စဉ်ထိုးရေးထားပြီး၊ ရေးပြီးပြီဆို ပြီးပြီလို့ မှတ်ထားတတ်တာ၊ သိပ်ထူးဆန်းတာပဲ အရင်က ကျွန်မ အဲဒီလိုအမှတ်အသားလုပ်ရင် အင်္ဂလိပ်လိုပဲ ခေါင်းစဉ်တွေရေး ရေးရန်ကို လဲ to write၊ ရေးပြီးပြီ ဆိုရင်လဲ done လို့ရေးတတ်တယ်၊ အခုတော့ ကျွန်မ မှတ်စု စာအုပ်ထဲမှာ အားလုံး မြန်မာစာလုံးလေးတွေနဲ့၊ ကျွန်မဘာသာ သတိထားလိုက်မိတယ်၊ to write ဆိုရင်လဲ ရေးရန်လို့ ပီပီသသ၊ ရေးပြီးရင်လဲ ရေးပြီး အဲဒီလို ရေးတတ်လာတယ်၊ ပြီးတော့ အတတ်နိုင်ဆုံး လှအောင် ၀ိုင်းဝိုင်းစက်စက်လေး ဖြစ်အောင် ရေးမိတတ်တယ်၊

တစ်နေ့ ကျွန်မအခန်းထဲ ထိုင်ပြီး လက်ပ်တော့ပ်နဲ့ စာရိုက်နေတုန်း ကျွန်မအမျိုးသားရဲ့ အမေ ၀င်လာပါတယ်၊ မာမာက "ဖြိုးဖြိုးရေ၊ ကာဖူ သောက်မလား၊(သူတို့ က ကော်ဖီကို ကာဖူ လို့ခေါ်တယ်) ဘာတွေလုပ်နေတာလဲဟင်" လို့ မေးလာပြီး စကရင်ပေါ်ကို လှမ်းကြည့်လိုက်တယ်၊ မာမာ က အံ့သြသွားပုံနဲ့ စူးစူးစိုက်စိုက်ကြည့်ပါတယ်၊ ပြီးတော့ မေးတယ်၊ "ဒါ မြန်မာစာလုံးလေးတွေလားတဲ့၊ မာမားမျက်လုံးထဲတော့ အားလုံး လုံးလုံးဝိုင်းဝိုင်းလေးတွေပဲမြင်တယ်၊ အာလုံးလိုလို စက်ဝိုင်းလေးတွေနော်၊ သိပ်ချစ်ဖို့ကောင်းတာပဲ" တဲ့၊ ကျွန်မ တစ်ခါမှ မြန်မာစာလုံးလေးတွေမမြင်ဘူးသူ ဘက်က တွေးမကြည့်ခဲ့ဘူး၊ အဲလိုမတွေးဖြစ်ခဲ့ပါဘူး၊ မာမာပြောမှ စကရင်ဘက်ပြန်ကြည့်၊ တွေ့နေကျ ဇော်ဂျီစာလုံးလေးတွေက ပိုပိုပြီး လုံးဝိုင်းနေသလို၊ ချစ်ဖို့ကောင်းလိုက်တာ၊ ရင်ထဲမှာ တခုခုကို လွမ်းလွမ်းဆွတ်ဆွတ် ခံစားမိလိုက်တယ်၊ ဘာရယ်လို့လဲ မပြောတတ်ပါဘူး၊ အဲဒီနောက်ပိုင်း ကျွန်မစာရေးနေတဲ့ အခါ မာမာလဲ သူအားတဲ့အခါ လာထိုင်ပြီးကြည့်တတ်တယ်၊ ပြီးတော့ အမြဲပြောတယ်၊ ၀ိုင်းဝိုင်းလေး တွေနော်၊ ချစ်စရာလေးတွေ တဲ့၊ ကျွန်မအမျိုးသားကလဲ အဲဒီ ၀ိုင်းဝိုင်းစက်စက်စာလုံးလေးတွေ သူရေးတတ်ချင်လိုက်တာတဲ့၊

ဟုတ်တယ်၊ ဟိုး အရင် ...ကျွန်မ ငယ်ငယ် မူကြိုတက်တုန်း ကျောက်သင်ပုန်းမှာ “၀” ဆိုတာကိုပဲ ၀ိုင်းအောင် မရေးတတ်သေးလို့ နေ့ရက်ပေါင်းများစွာရေးခဲ့ရတာကို ပြန်တွေးသတိရမိတယ်၊ ကျွန်မ အဲဒီ“၀”ကို ၀ိုင်းအောင် ရေးတတ်ပြီးဖြစ်ရဲ့သားနဲ့ နဂိုက ၀ိုင်းစက်လှပနေတဲ့ စာလုံးလေးတွေကို ၀ိုင်းဝိုင်းစက်စက် ဖြစ်အောင် မရေးခဲ့ဘူး၊ ကျွန်မ နောင်တရလိုက်တာ၊ ပြီးတော့ မြန်မာစာလုံးလေးတွေကို ပိုပိုပြီး ချစ်လာလိုက်တာ၊ မျဉ်းလေးကြောင်းထဲ ၀င်အောင် ရေးခဲ့ရတဲ့ ကျွန်မရဲ မူကြိုဘ၀နေ့ရက်တွေထဲက မြန်မာစာလုံးလေးတွေကို စိတ်ကူးနဲ့ ပြန်ပြန်ပြီး ဖတ်ကြည့်မိတယ်၊ ပြီးတော့ စာရွက်ပေါ်မှာ ချရေးကြည့်တယ်၊ ဟိုး ၀ လုံးလေး က စပြီး မြန်မာစာလုံးလေးတွေ တစ်လုံးချင်း အလုံးတိုင်း အလုံးတိုင်း ငယ်ငယ်ကလို ၀ိုင်းအောင် လှအောင် ပီသအောင် ကြိုးစားပြီး ရေးကြည့်မိတယ်။
ကျွန်မ အမကို ပြောပြချင်မိတယ်၊ အခု ကျွန်မ မြန်မာစာလုံးလေးတွေ ၀ိုင်းအောင်ရေးဖို့ ကြိုးစားနေပါပြီ ဆိုတဲ့အကြောင်းပေါ့၊ သူကတော့ ပြောလိမ့်မယ်။
ဇော်ဂျီစာလုံးက ၀ိုင်းပြီးသားလို့ပဲ .. သူ လိုတာ ဇော်ဂျီစာလုံးနဲ့ soft copy ကိုး။          ။ 

9 comments:

~ဏီလင်းညို~ said...

မဖြိုးရေ...
ဟုတ်မှာပါ...။ အဝေးကြီးကိုရောက်သွားမှ မြန်မာစာလုံးလေးတွေကို ပိုချစ်တတ်လာတယ်ဆိုတာလေ...။
ဒီလက်ရေးလေးတွေက လှပါတယ်ဗျာ...။
ခင်မင်တတ်တဲ့
ဏီလင်းညို

မြတ်မွန် said...

ဟုတ်တယ် မမဖြိုးရဲ့ လက်ရေးလေးက လှတယ်။
လက်နဲ့မရေးတာ ကြာတော့ တစ်ခါတစ်လေ လက်နဲ့ရေးတဲ့ အရသာလဲ ကောင်းတယ် ..။
မွန်တို့ အလုပ်က လူတွေဆိုရင် စာလုံးလေးတွေကိုကြည့်ပြီး အားလုံးက သုံညတွေကြီးပဲတဲ့ မမရေ..။
ချစ်ခင်လေးစားလျှက်..။

PhyoPhyo said...

ကျေးဇူး ကိုဏီနဲ့ မွန် ၊ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ

ThuHninSee said...

ကျွန်မက လက်ရေးကမှ အတော်လေးကို မလှဘူး။ လက်နဲ့ချမရေးတာကြာတော့ ပိုဆိုးတယ်။ သူငယ်တန်းကလေး လက်ရေးလေးတွေ ကျနေတာပဲ။ ဖြိုးဖြိုးက နဂိုလက်ရေးလှတယ်ထင်တယ်။
း)

ကိုလူထွေး said...

ငယ်ငယ်တုန်းကတော့ ဝ လုံးလို့ပဲ သင်ခဲ့ရတာပါ

ကိုယ်ဖာသာကိုယ် ချရေးတော့မှ ဝပြားတို့ ဝလေးထောင့်တို့ ဝတြိဂံ တို့ ဖြစ်ကုန်တာ...

းဝ)

HH said...

သူငယ်တန်းကိုပြန်နေပြီး လေ့ကျင့်လိုက်ပါ။ အစဉ်ပြေသွားလိမ့်မယ်....:-P

PAUK said...

ဖြိုးလက်ရေးနဲ့ ပေါက်လက်ရေးနဲ့ နဲနဲတူတယ်။။
ဒါမယ့် ဖြိုးလက်ရေးက ပိုလှတယ်..ညီညာတယ်။။

အနမ်း said...

မြန်မာစာလုံးလေးတွေက အလှဆုံးပါ။
သူတို့ပြောသလို လုံးလုံးလေး ညီညီလေးတွေပေါ့။း))

ချိုကျ said...

ငယ်ငယ်တုန်းကအစ်မတစ်ယောက်ကလက်ရေးလှအောင် ဝလုံးတွေကြီး ရေးခိုင်းတာကို သတိရမိတယ်အစ်မရေ......