Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, October 18, 2009

တကယ်ပါ .. နောက်တစ်ကြိမ် ဖြူဖြူ့ကို မစတော့ပါဘူး ..


တကယ်ပါ .. နောက်တစ်ကြိမ် ဖြူဖြူ့ကို မစတော့ပါဘူး

ဒီနေ့ ကျွန်တော့်စိတ်တွေ ၀ုန်းဒိုင်းကြဲလှုပ်ရှားလို့နေလိုက်တာ၊ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်ရဲ့ အသည်းလေးဖြူဖြူ က အသာတကြည်အနားတိုးကပ်လို့ "ကျလိ ကျလိ ကျွိကျွိ"... ကျွန်တော်ဖြင့်ပျော်လိုက်တာ၊

ဘာကြောင့်လဲဆိုတော့ သူနဲ့ ကျွန်တော်က ဘယ်တော့မှ မတည့်ကြဘူး၊ ကျွန်တော်သူ့ အနားတိုးကပ်သွားလိုက်တာနဲ့ သူက နှုတ်သီးတပြင်ပြင် ထိုးဆိတ်ဖဲ့ရွဲ့ဖို့အသင့်အနေအထားနဲ့မို့၊ ဒီနေ့ တော့ သူအင်မတန် ပျော့ပျော့ပြောင်းပြောင်းရှိလှတယ်။ ကျွန်တော့်ရဲ့ ပြောင်းလဲလာတဲ့ အပြုအမူတွေကို ဖြူဖြူခံစားမိပုံရတယ်၊ +အိုး ပျော်လိုက်တာ+

xxxxxxxxxxxxxxx

ကျွန်တော်တို့အိမ်မှာ လူက မများလှပါဘူး။ ကျွန်တော်နဲ့ ကျွန်တော့်အသည်းလေးက တစ်အိမ်၊ နောက် တာတာ(ဖေဖေ) မေမေ(မာမာ)၊ နောက် သူတို့ရဲ့ သား နဲရှော လို့ ခေါ်ကြတယ် ဒါပါပဲ။ ကျွန်တော်တို့အိမ်ကတော့ တာတာက ဆောက်ပေးထားတာပါ၊ အပြာရောင်ကြည်ကြည်နဲ့ နေချင်စဖွယ်ပါပဲ၊ ကျွန်တော့်အသည်းလေး ကြည့်ဖို့ မှန်ချပ်ဝိုင်းဝိုင်းလေးရယ်၊ ကျွန်တော့်အတွက် ကျွန်တော်ထင်တာပြောတာ၊ ကျွန်တော်တစ်ရပ်စာ အဖြူရောင် စက်ဝိုင်းကွင်းလေးရယ်၊ လှေကားထစ်လေးတွေရယ်၊ နောက် ကျွန်တော့်အသည်းလေး နဲ့ ရန်ဖြစ်ရင် အနိုင်ရအောင် ထိုးဆိတ်နိုင်မယ့် နှုတ်သီးသွေးစရာ ငါးကြီးအရိုးရယ်၊ နောက် ပန်းသီး၊ မုန်လာဥ၊ လူးနှံ၊ ရေ၊ ဆလပ်ရွက်၊ အစာမကြေဖြစ်လာရင် ဆေးဝါးအဖြစ်ဝါးစရာ ကျောက်စရစ်သေးသေးတွေလဲ မာမား က ခွက်လေးတွေနဲ့ ချိတ်ထားပေးတယ်၊ အစုံအလင်ရှိနေတော့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ မကျယ်လှတဲ့ကမ္ဘာလေးထဲ နေ့တိုင်း ခပ်ခါခါ ခပ်လှုပ်လှုပ် ပျော်နေတာပါပဲ၊ ဒါကြောင့်ပဲ နေမှာ ကျွန်တော့် အသည်းလေး ဖြူဖြူက ကြည့်မရတာ၊ ဒါလဲ ကျွန်တော်ကတော့ အမှတ်မရှိပါဘူး ကျွန်တော့်စတိုင်လ်အတိုင်း ခပ်ခါခါ ကျလိ ကျလိ ကျလာ ကျလာ အော်မြည် ဟိုဟိုဒီဒီ ပျံလို့ ၊ အော်.. ပျံတယ် ဆိုလို့ ကျွန်တော် တကယ်ပဲ စိတ်မကောင်းပါဘူး၊ ကျွန်တော့်ရဲ့ ဖြူဖြူက မပျံနိုင်ဘူး၊ သူ ဘယ်လိုပဲ ကြိုးစားကြိုးစား ဘုတ်ကနဲ အောက်ပြုတ်ကျလို့ မလှုပ်နိုင်အောင် နာကျင်ခဲ့ရတာလဲ အခါခါ၊ ဘာကြောင့်လဲ ကျွန်တော်မသိပါဘူး၊ ကျွန်တော် တို့ ဒီအိမ်ကို ရောက်မလာခင် ဖြူဖြူနဲ့ စတွေ့ကတတည်းက သူ က မပျံနိုင်ပါဘူး၊ တကယ်တမ်းပြောရရင် သူ့ရဲ့ အတောင်ပံကတောင် ကျွန်တော့်ထက် အများကြီး ပိုရှည်လျားသေးတယ်၊ ကျွန်တော်က ပျံသန်းလိုက်တိုင်းရင်ထဲ နာကျင် စိတ်မကောင်းဖြစ်ရပေမဲ့ ကျွန်တော့်ရဲ့ ပြောင်ချော်ချော် လှုပ်ခါခါဟန်ပန်တွေကပဲ ဖြူဖြူ ကျွန်တော့်ကို ပိုပြီး မုန်းတီးနာကျည်းစရာဖြစ်နေမလား မသိနိုင်ဘူး၊ သူ ကလဲ ကျွန်တော့်ကို ကောင်းကောင်းမွန်မွန်ပြောဆိုတယ်လို့လဲ မရှိတော့ သူ့ရဲ့ စိတ်ရင်းအမှန်ကို မသိရပြန်ဘူး၊ဘုရားသခင်ရဲ့အလိုတော်အတိုင်းပါပဲ၊ သူ့ ကို ကျွန်တော် အသက်လောက်ချစ်ပါတယ်။ ကျွန်တော် အသံနေအသံထား အမျိုးမျိုးနဲ့ ဖြူဖြူစိတ်ဝင်စားအောင် အချိန်တိုင်းကလိတယ်၊ သူ ကတော့ ခပ်တည်တည် ခပ်စွာစွာ ခပ်ခွာခွာ၊ ကျွန်တော်က ခါလေ သူက ခွာလေ ဖြစ်နေကြတယ်၊ ကျွန်တော့်မှာလဲ ကလိစရာ ဖြူဖြူပဲ ရှိနေတာကိုး။



အိမ်မှာတော့ မာမားကလွဲလို့ ကျွန်တော်တို့ကို ဂရုတစိုက်စောင့်ကြည့်နေမယ့်သူမရှိဘူး၊ ကျွန်တော်တို့ရဲ့ အိမ်ပြာပြာလေးကို ဧည့်ခန်းထောင့်မှာ နေရာချထားပေးတယ်။ ဒီ ဧည့်ခန်းထဲမှာ ဧည့်သည်တွေလာတယ်၊
ရယ်မောကြ၊ နောက်ပြောင်ကြ၊ စကားတွေ ဖောင်ဖွဲ့ပြောကြဆိုကြ ကျွန်တော်တို့ကို ငဲ့စောင်းလို့မှ ကြည့်လေ့မရှိကြပါဘူး၊ တခါတရံ “အိုး .. ချစ်စရာကြက်တူရွေးလေးတွေပါလား .. လို့ ပြောဆိုသံ ကြားလိုက်ရတဲ့ အခါ ရှိတတ်တယ်၊ အဲဒီအခါ အားလုံးရဲ့ အကြည့်တွေ ကျွန်တော်တို့ဆီ စုပြုံရောက်လာကြပေမဲ့ ခဏလေးပါပဲ၊ မာမားက တော့ တပြုံးပြုံးနဲ့ ကျေနပ်ပီတိ ဖြစ်လေဟန် စိုက်ကြည့်နေလေ့ရှိတယ်။ ဧည့်သည်တွေရဲ့ အာရုံက ကျွန်တော်တို့ဆီမှာ ကြာကြာမရှိကြဘူး၊ ဒီတော့ ကျွန်တော် အသည်းယားလာတယ်၊ ကျွန်တော့်ကို ပိုပြီး ဂရုစိုက်စေချင်တာနဲ့ပဲ ဧည့်သည်တွေ ဦးခေါင်းပေါ်ဆီက ပွတ်ကာသီကာ ခဏခဏ ပျံသန်းပြ၊ ဒါလဲ ဟန်ပုံမရဘူး၊
ကျွန်တော်ဘာပဲ လုပ်ပြလုပ်ပြ သူတို့ စကားလှိုင်းလုံးတွေထဲ တိုးမပေါက်နိုင်၊ ဟူး ကြာတော့ ကျွန်တော်ပဲ မောဟိုက်လာရော၊ ဧည့်သည်တွေ ပြန်သွားတော့ ကျွန်တော့်မှာ မောဟိုက်ပင်ပမ်းလို့ ကျန်ရစ်တယ်၊ ကျွန်တော့်ရဲ့ ဖြူဖြူကိုတောင် မကလိနိုင်တော့ဘူး၊ သူ ကတော့ မထီတရီ အကြည့်မျိုးနဲ့ ခေါင်းခါခါ လည်ခါခါ ဟန်ပန်မျိုးလုပ်ပြလို့ အဲဒါမျိုးလေးတွေပေါ့ ကျွန်တော် ချစ်နေရတာ၊ ခဏလေးအနားယူပြီး ဖြူဖြူ့ကို ကလိဦးမှပါပဲ၊
ဖြူဖြူက ကျွန်တော့်ကိုကျောပေးလို့ ငေးရီရီ၊ သူ ဘာတွေများ တွေးနေတာပါလိမ့်၊ သူ့ ကို ဒီလို တွေးတွေးငေးငေး မမြင်ချင်ဘူး၊ ဒါနဲ့ပဲ ကျွန်တော်ရဲ့ စက်ဝိုင်းဖြူလေးကို နှုတ်သီးနဲ့ ဆွဲယူကိုက်ချီလိုက်ပြီး ပြန်လွှတ်လိုက်တယ်၊
စက်ဝိုင်းကလေးက ဖြူဖြူ ရဲ့ ကျောဘက်ဆီ ဘုတ်ကနဲမြည်အောင်ရိုက်ခတ်ပြီး ပြန်လွတ်အလာ ကျွန်တော်က ပြန်ဖမ်း၊ တခါ ပြန်ကိုက်ယူ၊ အရှိန်နဲ့ ဆွဲယူ ပြန်လွှတ်၊ အကြိမ်ကြိမ်ပေါ့၊ ဒီလို စရတာ ကျွန်တော်သိပ်ပျော်တာပဲ၊ ဖြူဖြူ ခမြာသနားတော့ သနားပါတယ်၊ ကျွန်တော့်ကို ခပ်စူးစူးအသံနဲ့ အော်မြည် ရန်တွေ့၊ ကျွန်တော်ကလဲ မရပ်ဘူး၊ ခဏနေတော့ ဖြူဖြူအဲဒီနေရာက ထွက်ပြေးတော့တာပဲ၊

ကျွန်တော်က အသည်းလေး ကို ဖြူဖြူ လို့ပဲ ခေါ်ပေမဲ့ မာမာကတော့ ကီးရှော ကီးရှာလို့ ခေါ်တယ်။ ကျွန်တော်က ကီးရှော လား၊ ဖြူဖြူက ကီးရှာလား၊ ကျွန်တော်တို့မသိဘူး၊ ဒါပေမဲ့ မာမား က ကီးရှောဖြစ်ဖြစ်၊ ကီးရှာဖြစ်ဖြစ် ခေါ်တိုင်း နှစ်ဦးသား အမြန်လှည့်ကြည့်ဖို့ကတော့ ၀တ္တရားမပျက်ကြဘူး၊ မာမားက ကျွန်တော်တို့ ကို အလွန်ဂရုစိုက်တယ်၊ နေ့တိုင်း ကျွန်တော်တို့အတွက် အစားအစာတွေ ပြင်ဆင်လဲလှယ်ပေးရင်း အင်မတန်ကြင်နာသနားလေဟန် စကားတီတီတာတာဆိုတတ်တယ်၊ “ကီးရှော များများစား” “ကီးရှာ ဘယ်သွားနေတာလဲ၊ လာ လာ၊ စားချည်ဦး မုန်လာဥရဲရဲလေး မင်း အကြိုက်ကွဲ့” .. အဲဒီလို စကားတွေ ဖောင်နေအောင် ပြောတတ်တယ်၊ ကျွန်တော်တို့ကို ဂရုစိုက်တာဆိုလို့ မာမား တစ်ယောက်ပါပဲ၊ အင်း .. တာတာကတော့ ကျွန်တော်တို့အတွက် လှေကားပျက်နေရင်ပြင်ပေးတယ်။

တစ်နေ့ သုံးယောက်ပဲ ရှိနေတဲ့ ကျွန်တော်တို့အိမ်မှာ တာတာ၊ မာမာ၊ နဲရှော တို့ နဲ့အမျိုးအစားမတူတဲ့ မိန်းကလေးတစ်ယောက် ရောက်လာတယ်၊ အသားအရောင်က ၀င်းဝါ၀ါ၊ ဆံပင်နက်နက်၊ ပုပုသေးသေး ခပ်ပြုံးပြုံးမျက်နှာပေးနဲ့၊ သူ က ဧည့်ခန်းထဲကို မျက်လုံးဝေ့၀ဲကြည့်ရင်း ကျွန်တော်တို့ရှိတဲ့ အိမ်ပြာပြာလေးကိုလဲ တွေ့ရော သူ ခုန်ဆွ ခုန်ဆွ ဖြစ်သွားတယ်၊ ကျွန်တော်တို့ အနားစွေ့ကနဲ ရောက်လာရင်း “ဟယ် နဲရှော ပြောဖူးတဲ့ ကီးရှောနဲ့ ကီးရှာပါလား၊ အိုး .. ချစ်ဖို့ကောင်းလိုက်တာ” ပြောပြော ဆိုဆို သူ့ရဲ့ လက်တစ်ဖက်က အရှေ့ကိုတန်းတန်းမတ်မတ်ထွက်လာတယ်၊ အမလေးဗျာ .. ကျွန်တော့်ကို လာကိုင်ပါရောလား၊ ကျွန်တော့်လောက် သွက်လက်ရဲရင့်တဲ့ သူတောင် ဘယ်နားပြေးပုန်းလိုက်ရမှန်းမသိ၊ လက်မြန်လိုက်ပုံများ၊ ကျွန်တော်တောင်နေစရာမရှိအောင် လန့်သွားတာ ကျွန်တော့်ဖြူဖြူသာဆို .. အိုး သူလဲ ထောင့်တထောင့်မှာ ကပ်လို့ မျက်လုံးကလည်ကလည်၊ တော်တော်ကြီးလန့်ဖြတ်နေပုံပဲ၊ အသားဝါ၀ါ မိန်းကလေးကတော့ ကျွန်တော်ထွက်ပြေးတဲ့နောက် သူ့ ရဲ့လက်ချောင်းတွေနဲ့ လိုက်လံတို့ထိရင်း နဲနဲမှ အငြိမ်မနေတဲ့ ဒီ မိန်းကလေးကြောင့်တော့ ကျွန်တော် ဒုက္ခတွေ့ရတော့တာပဲ၊ ပြေးရင်းလွှားရင်း သူ့ မျက်လုံးတွေကို လိုက်ကြည့်မိတော့ ရန်လိုပုံ ဟန်ပန်မျိုးမဟုတ်တာ ခံစားမိတယ်၊ ဒါပေမဲ့ဗျာ .. သူ ဒီလို လက်မြန်ပုံမျိုးနဲ့ ကျွန်တော်လန့် ပြီး သေမှာပဲ၊ ဖြူဖြူ့ကို ချစ်စနိုးနဲ့ ကြည်စယ်တတ်တဲ့ ကျွန်တော် ဖြူဖြူ့ ဒုက္ခမျိုးတွေ့ရပြီထင်ပါရဲ့။

ဒီမိန်းကလေးရောက်လာပြီးတဲ့နောက် အိမ်မှာ ဧည့်သည်တွေ ပိုပိုများလာတယ်၊ အချိန်တိုင်းပဲ၊ တစ်ယောက်ပြီးတစ်ယောက် ပြတ်တယ်ကို မရှိဘူး၊ အရင်က တင်းနစ်ကစားပွဲတွေ ခပ်ငြိမ်ငြိမ်ထိုင်ကြည့်နေတတ်တဲ့ တာတာ၊ အလုပ်အားချိန် ဧည့်ခန်းမှာ သတင်းစာဖတ်ရင်း တချက်တချက် တင်းနစ်ကစားပွဲတွေအကြောင်းဝင် ပြောတတ်တဲ့ မာမား လဲ နားရတယ် ကိုမရှိဘူး၊ တချိန်လုံး တလှုပ်လှုပ်နဲ့ ကျွန်တော့်လောက် လှုပ်ခါလွန်းတဲ့ သူတောင် သူတို့တွေကို ကြည့်ပြီးမောမော လာလွန်းလို့ မျက်လုံးစုံမှိတ်ကျောခိုင်းနေရတာအခါခါ၊ တစ်ခါက ဧည့်သည်တွေ ပြန်သွားတဲ့အချိန်ဧည့်ခန်းမှာ အသားဝါ၀ါ မိန်းကလေးနဲ့ နဲရှောတို့ ကယုကယင် ကြည်စယ်နေပုံများ ကျွန်တော့်တို့နဲ့ တခြားစီပါပဲ၊ ဒီမိန်းကလေးဝါ၀ါရဲ့ အမြဲပြုံးနေတဲ့ သူ့မျက်နှာဟာ အခု ပိုပိုပြီးပြုံးနေသလို ပြောင်စပ်စပ်နဲ့ ကျွန်တော် စိတ်မရှည်တော့ဘူး၊ ဒီမြင်ကွင်းကို မြင်ရတိုင်း ကျွန်တော့်ရဲ့ ဖြူဖြူ ကျွန်တော့်ကို အခါခါကြည့်လေ့ရှိတဲ့ မုန်းတီးတဲ့အကြည့်တွေ မြင်မြင်လာမိတယ်၊ ကဲ .. ဒါနဲ့ပဲ ..မိန်းကလေးဦးခေါင်းပေါ် မထိတထိ ဖြတ်ကနဲ ဝေ့လည်ပျံသန်းလိုက်တော့တယ်၊ ++ ဖလပ် ဖလပ် ၀ှီး .. တစ်ကြိမ် ++.. ဖလပ် .. ဖလပ် ..၀ှီး နှစ်ကြိမ် ++ .. သုံးလေးကြိမ် စိတ်ရှိလက်ရှိ ပျံသန်းပစ်လိုက်တယ်။ ဒီတော့မှ မိန်းကလေးရဲ့ မျက်လုံးနက်နက်တွေ ကျွန်တော့် နောက်မှာ ထပ်ကြပ်မကွာလိုက်ပါလာရော၊ သူ ကျွန်တော့်ဘက်ကို တည့်တည့်မတ်မတ် လှည့်ထိုင်ရင်း စူးစူးစိုက်စိုက် စပ်စုနေတယ်၊ ကျွန်တော့်ကို ကြည့်နေမှန်းလဲ သိနေတဲ့ ကျွန်တော် က ဖြူဖြူအနားတိုးသွားလိုက်တယ်၊ အမှန်က ကျွန်တော်ဖြူဖြူ့ရဲ့ နီတာတာနှုတ်ခမ်းလေးကိုဖြစ်ဖြစ် ခပ်သာသာတို့ထိပြမလို့ပါပဲ၊ ဖြူဖြူက ဆတ်ကနဲ နေရာရွှေ့ရင်း နှုတ်သီးနီနီနဲ့ အစွမ်းကုန်ထိုးဆိတ်တော့တယ်၊ အိုး .. ဆိုးလိုက်တဲ့ဖြူဖြူ ... ကျွန်တော် လဲ စိတ်ညစ်ညစ်နဲ့ ဟိုပြေဒီပြေး၊ အိမ်ပြာလေးအပြင်ထွက်လိုက် ၀င်လိုက် အကြိမ်ကြိမ်လုပ်တော့တာပဲ၊ တံခါးပေါက်ဝနားရပ်ပြီး ခြေထောက်တစ်ချောင်းထဲနဲ့ ရပ်ပြတယ်၊ အိမ်ထဲကို ပြေးဝင်ရင် စက်ဝိုင်းဖြူလေး ကိုက်ဆွဲ ပြန်လွှတ် ဖြူဖြူ့ကို စတယ်၊ အကြိမ်ကြိမ်ပါပဲ၊ ဖြူဖြူ နာကျင်မလား ကျွန်တော် တစ်ခါမှ မတွေးမိပါဘူး၊
အဲဒီလို စရတာ ကျွန်တော့်အတွက် ပျော်ဖို့ကောင်းနေတာကိုး၊ ကျွန်တော်လုပ်သမျှကို အသားဝါ၀ါ မိန်းကလေးက တခွိခွိနဲ့ ရယ်တယ်၊ ဖြူဖြူ့ ကို စလိုက် ဖြူဖြူက ရန်တွေ့လိုက်၊ သူလဲ အိမ်ပြင်ထွက်ပြေးဖို့ ပြင်လေတော့ သူ့ရဲ့ ရှည်လျားလျား အမြီးလေးကို ချစ်စနိုး ဆိတ်ဆွဲလိုက်တယ်၊ သူ သိပ်ကို လန့်သွားတယ်ထင်ပါရဲ့၊ ရုတ်တရက် ခုန်အထ အိမ်ပြာလေးရဲ့အောက်ကို ဒလိမ့်ခေါက်ကွေး လဲပြိုကျသွားတော့တယ်၊ ဖြစ်ချင်တော့ မိန်ကလေးနဲ့ နဲရှောတို့ နှစ်ဦးသားထိုင်နေတဲ့ခုန်အောက်ထဲ ထိ ကျသွားရှာတာ၊ ဖြူဖြူရဲ့ မလှုပ်မယှက်နိုင် နာကျင်နေပုံကို ကြည့်ရင်း နဲရှောက “သူက ကြက်တူရွေးမလေးကို အမြဲနှိပ်စက်တယ်၊ အဖြူလေးဟာ ဘယ်တော့မှ အေးအေးလူလူနေရတယ် မရှိဘူး” လို့ ခပ်ဖြည်းဖြည်းပြောဆိုသံ ကြားလိုက်ရတယ်၊ + အိုး မဟုတ်တာ .. ကျွန်တော် ဖြူဖြူ့ ကို သိပ်ချစ်တာပါ၊ သူ့ ကို တချိန်လုံး အနားက မခွာနိုင်အောင်ချစ်တာ.. ဘယ့်နှယ် ကျွန်တော်က နှိပ်စက်ရမှာတဲ့လဲ .. +

ဖြူဖြူလဲ လှေကားကို နှုတ်သီးလေးနဲ့ ကိုက်ကာ ကိုက်ကာ အိမ်ပြာလေးဆီ ခပ်ဖြည်းဖြည်း ပြန်တက်လာတယ်၊ ကျွန်တော် လဲ ၀မ်းနည်းလွန်းလို့ အိမ်ပြင်ဘက်ထွက်ပျံသန်းရင်း ခပ်ဝေးဝေးက ပြတင်းတံခါးမ ဘောင်ပေါ်ကနေ ဖြူဖြူ့ကို ကြည့်နေမိတယ်၊ ကျွန်တော်ဖြူဖြူနဲ့ ခပ်ဝေးဝေးမှာ မနေနိုင်ပါဘူး၊ အိမ်ပြာလေးဆီပြန်လာတဲ့ အချိန်မှာတော့ အိမ်ပြာလေးရဲ့ တံခါးဟာ ပိတ်လျှက်သား ကျွန်တော် အိမ်ထဲဝင်လို့ မရတော့ဘူး၊ ကျွန်တော့်ရင်တွေပူလောင်လာတော့တယ်၊ နဲရှောရဲ့ ပြောသံလဲ ကြားလိုက်ရတယ်၊ “ခဏလောက်တော့ အဖြူလေးကို အေးအေးဆေးဆေး ပေးနေဦးမှပါ၊ တံခါးပိတ်ထားလိုက်မယ်၊ သူ အပြင်မှာ နေပါစေ” တဲ့၊ တဆက်တည်း မာမားကို လှမ်းမေးလိုက်တယ်၊ “မာမား .. သူတို့ အတွက် အိမ် ၂ လုံးလုပ်ပေးထားဖို့ လိုမယ်လို့ မထင်ဘူးလား” ဆိုပဲ၊

+ အာ .. မဖြစ်နိုင်တာ .. ကျွန်တော် ဖြူဖြူနဲ့ ခဏလေးတောင် မခွဲနိုင်ဘူး၊ ဖြူဖြူကို ကျွန်တော် မစတော့ပါဘူး၊ တကယ့်ကို မကလိတော့ပါဘူး၊ ဘယ်တော့မှ နာကျင်အောင်မလုပ်တော့ပါဘူး ..+ လို့ကျယ်ကျယ်လောင်လောင်ပဲ အော်ဟစ်ပြောလိုက်တယ်၊ အသားဝါ၀ါ မိန်းကလေးက ကန့်ကွက်တယ်၊ “ဒီလိုနေရတာ သူတို့ အတွက် အသားကျနေပြီထင်ပါတယ်၊ သူတို့ကို ခွဲမပစ်ပါနဲ့”တဲ့၊

+ မိန်းကလေးရေ .. နဲရှောကို ကြည့်ပြောပါဦး နောက်တကြိမ် ဖြူဖြူ့ကို မစတော့ပါဘူး၊ ဖြူဖြူနဲ့ပဲ နေပါရစေ + လို့ အသားဝါ၀ါ မိန်းကလေးရဲ့ နူးနူးညံ့ညံ့ မျက်ဝန်းတွေထဲ စိုက်ကြည့်ရင်း အကူအညီတောင်းနေမိတယ်၊

+ တကယ်ပါ နောက်တစ်ကြိမ် ဖြူဖြူ့ကို မစတော့ပါဘူး ..

နောက်တစ်ကြိမ် ဖြူဖြူ့ကို မစတော့ပါဘူး +



3 comments:

shwegadone said...

very good. i think it's ur true story + feeling. keep writing more.

PhyoPhyo said...

right! the main story teller is funny parrot from our home. Thank you so much. now I am jobless & writing is only my job :D

လွတ်ငြိမ်းလေပြေ (breeze) said...

လေပြေက တိရစ္ဆာန်လေးတွေ သိပ်ချစ်တတ်တာ မဖြိုးဖြိုးရဲ့
ကြက်တူရွေးပြာလေးက ငှက်ပြောင်လေး ထင်ပါရဲ့နော်
အစ်မရေးထားတာ ဖတ်လို့ကောင်းတယ်